ချင်းတို့မြို့တော် ဟားခါး
ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးဟာ ချင်းပြည်နယ် မြောက်ပိုင်းမှာ တည်ရှိပါတယ်။ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၆၂၀၀ ကျော်မှာ တည်ရှိပါတယ်။ တောင်ထူထပ်တဲ့ တောင်ပေါ်ဒေသမှာ တည်ရှိတဲ့ အတွက် မြို့ဟာလဲ တောင်စောင်း ပေါ်မှာ တည်ထားပါတယ်။ အင်္ဂလိပ် အက္ခရာ U ပုံစံ တည်ထားပါတယ်။ အဓိက လမ်းမကြီးက မြို့လယ်ခေါင်က ဖြတ်သွားပါတယ်။
လူဦးရေရဲ့ အများစုက ချင်းလူမျိုးတွေပါ။ ဗမာလူမျိုး အနည်းငယ်လည်း နေထိုင်ကြ ပါတယ်။ အများစုက ခရစ်ယာန် တွေဖြစ်ပါတယ်။ မြို့ဟာ တောင်စောင်းမှာ တည်ထားတဲ့ အတွက် ပတ်ဝန်းကျင် မြင်ကွင်းဟာလဲ အရမ်းလှ ပါတယ်။ တစ်ဖက်မှာ မြင့်မားတဲ့ တောင်ကြီးက မိုးနေပြီး၊ ကျန်တစ်ဖက် မှာတော့ တောင်စဉ် တောင်တန်း အထပ်ထပ်ကို မြင်တွေ့ နိုင်ပါတယ်။ မိုးရာသီ ဆိုရင် မြို့ရဲ့ အနိမ့်ပိုင်း တွေဟာ တိမ်တွေအောက်မှာ ရောက်နေတဲ့ အတွက် ရေပြင်ကြီးပေါ် မြို့တည်ထား သလိုမျိုး ထင်ရပါတယ်။
ဆောင်းရာသီ တွေမှာဆိုရင် ဟားခါးဟာ အလွန် အေးပါတယ်။ တစ်ခါတစ်ရံမှာ သုညအောက် နှစ် ဒီဂရီ စင်တီဂရိတ် ထိအောင် အေးတတ်ပါတယ်။ မနက်နဲ့ ညနေခင်း တွေမှာဆို မြို့ဟာ မြူခိုးတွေ ဖုံးနေ တတ်ပါတယ်။ ဆောင်းတွင်း ဟားခါးကို အလည် သွားမယ်ဆိုရင်တော့ အနွေးထည် လုံလုံ လောက်လောက် ယူသွားဖို့ မမေ့ပါနဲ့။
ဟားခါးကို သွားလည်ဖို့ အကောင်းဆုံး အချိန်ကတော့ နွေရာသီ ပါပဲ။ လမ်းတွေက ခြောက်သွေ့ပြီး ရာသီဥတုက ပူနွေးတဲ့ အတွက် သွားလို့ လာလို့ အဆင်ပြေပါတယ်။ မိုးရာသီ မှာဆိုရင် လမ်းတွေက စိုဆွတ် ရွှံ့ထူပြီး၊ သွားရ လာရလဲ ခက်ခဲ လှပါတယ်။ ဒီကြားထဲ တောင်လဲ ခဏခဏ ပြိုကျတတ်တဲ့ အတွက် အန္တရာယ်လဲ များပါတယ်။ ဆောင်းတွင်းမှာ လမ်းတွေက ခြောက်သွေ့ပေမယ့် အအေးဒါဏ်က ပြင်းထန် လွန်းလှပါတယ်။
ဟားခါးကို သွားမယ်ဆိုရင် မန္တလေးက တိုက်ရိုက် သွားနိုင်သလို ကလေးက တဆင့်လဲ သွားနိုင်ပါတယ်။ ဟားခါး-မန်း ကားက နေ့စဉ် တစ်နေ့တစ်စီး မန္တလေးက မနက်စောစော ထွက်ပါတယ်။ ၂၄ နာရီ ကျော်အောင် စီးပြီးမှ ဟားခါးကို နောက်တစ်နေ့ မနက် စောစော ရောက်ပါတယ်။ ခရီးစဉ် ကတော့ မန္တလေးက စစ်ကိုင်း၊ ပြီး ချင်းတွင်းမြစ်ကို ဆင်ဖြူရှင် တံတားက ဖြတ်ပြီး ပုလဲ၊ ဒီကမှ ပုံတောင်၊ပုံညာကို ကျော်ပြီး ယောမြို့တော် ဂန့်ဂေါ ကိုရောက်ပါတယ်။ ဂန့်ဂေါက တဆင့် ဟားခါးကို သွားတာပါ။ နောက်တစ်လမ်းကတော့ ကလေးကို လေယာဉ် (သို့) ကားနဲ့သွား၊ နောက်တစ်နေ့ မနက် အစောကြီး ထွက်တဲ့ ကလေး – ဟားခါး ကားနဲ့ လိုက်တာပါ။ ဒီလမ်းက မနက်ထွက်ရင် ညနေလောက် ရောက်ပါတယ်။ လမ်းမှာ “ဖလမ်း ” ကိုဖြတ်ရပါတယ်။ ဒီလမ်းမှာ ရှိတဲ့ “မဏိပူရ (Manipur River) မြစ်ကူး ဗားတံတား ” ဟာ နာမည်ကျော် ပါတယ်။ ဒီနား တစ်ဝိုက်ဟာ မြန်မာပြည်ရဲ့ အလှဆုံး နေရာတွေ ထဲမှာ တစ်ခုလို့ ဆိုရင် မမှားပါဘူး။
ဟားခါးမှာတော့ ဇွဲတည်းခိုခန်းဟာ ဟားခါးရဲ့ တစ်ခုတည်းသော တည်းခိုခန်းပါ။ အပြင်အဆင် သန့်ရှင်း သပ်ရပ်ပြီး ဈေးလဲ ချိုပါတယ်။ ပိုင်ရှင်ကလဲ သဘောကောင်းတဲ့ အတွက် တည်းခိုသူတွေ အဆင်ပြေမှာပါ။ တည်းခိုခန်းက ကားဂိတ် အနားမှာပဲ ရှိတာဆိုတော့ အဆင်ပြေပါတယ်။
ဟားခါးမှာ စားသောက်ဆိုင် ၃-၄ ဆိုင်လောက် ရှိပါတယ်။ တည်းခိုခန်း အနားက ရန်ကုန် ဆိုတဲ့ လက်ဖက်ရည်ဆိုင်က ညဥ့် အတော်နက်တဲ့ အထိ ဖွင့်ပါတယ်။ ညဖက် ထမင်းကြော် ကောင်းကောင်း ဝယ်စား နိုင်ပါတယ်။
ဟားခါးမှာ ဘတ်စ်ကားတို့၊ တက္ကစီတို့ မရှိပါဘူး။ ဒါပေမယ့် မြို့က သိပ်မကြီးတဲ့ အတွက် လမ်းလျှောက်လဲ အဆင်ပြေ ပါတယ်။ လမ်းမလျှောက် ချင်ရင် မော်တော်ဆိုင်ကယ် စင်းလုံး ငှားစီး နိုင်ပါတယ်။ တည်းခိုခန်းကို မေးကြည့်ပါ။
ဟားခါးမှာ ရှိတုံး ဟားခါးဈေးကို ဝင်ဖို့ မမေ့ပါနဲ့ဦး။ ချင်းရိုးရာ လက်ယက်ထည်တွေနဲ့ လွယ်အိတ်လှလှ လေးတွေ ဝယ်ယူနိုင်ကြပါတယ်။ ဈေးမကြီးပါဘူး။ ဒေသခံ လူတွေက ဆင်းရဲကြတော့ သိပ်ဈေးမစစ်ဖို့ တိုက်တွန်း လိုက်ပါရစေ။
Related posts:
- Hakha, The Capital of Chin Hills Hakha, the capital of Chin State, is situated in...
- Hakha, the capital of Chin State, and the way to it. Here is the video of Hakha, the Chin State capital,...
- Internet Cafe in Hakha ဟားခါးက Internet Cafe ဟားခါး မြို့ပေါ်မှာလဲ IP Star နဲ့ အင်တာနက် ကဖေး...
- Kalay Falam Hakha Road (1) ကလေး – ဖလမ်း – ဟားခါးလမ်း (၁) ကလေးကနေ ဖလမ်းကို ဖြတ်ပြီး ဟားခါးကို...
- Kalay Falam Hakha Road (2) ကလေး – ဖလမ်း – ဟားခါးလမ်း (၂) ဖလမ်းမြို့ဟာ သန့်ရှင်းပြီး သေသပ် လှပတဲ့...
Do you like this post? Perhaps you might want to subscribe to my blog.
Add your comment below, or trackback from your own site.
Subscribe to these comments.
Be nice. Keep it clean. Stay on topic. No spam.
You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>